Channel Myanmar

The Human Condition Trilogy (1959 – 1961)

~ IMDb – 8.3/10, Rotten Tomatoes – 73% ~

442

၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။

၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။

The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။

ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။

Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။

၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။

ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊

The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.4GB, 1.15GB
Quality – BluRay 1080p, 720p
IMDb Rating – 8.3/10
Format – mp4
Duration – 3H 28Min
Genre – Drama, History, War
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)
The Human Condition II: Road to Eternity (1959)


No downloads available

Genres



Related movies