
Mulholland Drive (2001)
IMDB – 8/10
Metacritic – 81%
Rotten Tomatoes – 82%
Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။
City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။
သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကို၊ အဆက်အသွယ်ကောင်းတဲ့ တခြားမင်းသမီးလက်ထဲကို လွှဲပေးလိုက်ရတဲ့အချိန်၊ တစ်ဖက်မှာလည်း Rita ခုလို အတိတ်မေ့သွားတာ သွေးရိုးသားရိုးမဟုတ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဆိုတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ တစ်စတစ်စ ပေါ်လာတဲံ Rita ရဲ့ နောက်ကြောင်းကို စုံစမ်းရင်း၊ Rita အတိတ်မမေ့ခင် နေခဲ့တယ်လို့ ယူဆရတဲ့အိမ်ကို သူတို့တွေရောက်သွားချိန်မှာ ကိစ္စအားလုံးကို ပိုပြီးရှုပ်ထွေးစေမယ့် အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ … … … ။
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
Naomi Watts နဲ့ Laura Elena Harring တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာပါ။ ဒီမင်းသမီးတွေကို အနုပညာလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သလို၊ Lynch ကိုလည်း အကယ်ဒမီဆုအတွက် nomination ရစေခဲ့တဲ့ Mulholland Drive ကို ဒီဒါရိုက်တာကြီးရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားတွေထဲ ထိပ်ဆုံးကလို့ ညွှန်းဆိုကြလေ့ရှိပါတယ်။
မူလက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ ဇာတ်သိမ်းမရေရာတဲ့ Pilot Episode အဖြစ် ရိုက်ကူးခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရတဲ့နောက်မှာ၊ ရိုက်ထားပြီးသားဇာတ်လမ်းကို ဇာတ်သိမ်းခန်း ထပ်မံရိုက်ကူးဖြည့်စွက်ပြီး ရုပ်ရှင်ကားကြီးအဖြစ် အသွင်ပြောင်းခဲ့တာပါ။ ဒီအချက်ကြောင့်ရယ်၊ Lynch ရဲ့ ပင်ကိုယ်ရိုက်ကူးမှုပုံစံရယ်ကြောင့်၊ Mulholland Drive ရဲ့ ဇာတ်လမ်းဟာ တိတိကျကျရယ်လို့ မဟုတ်ပဲ ကြည့်ရှုသူရဲ့ အဓိပ္ပါယ်ကောက်မှုအပေါ် မူတည်ပြီး ကွာခြားသွားတတ်တဲ့ သဘာ၀ ရှိနေတာဖြစ်ပြီး၊ အဲဒါကပဲ သူ့ရဲ့အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့ပါတယ်။
ရိုက်ကူးထားတဲ့ပုံစံကတော့ David Lynch ကားတွေရဲ့ထုံးစံအတိုင်းပဲ၊ တစ်သမတ်တည်းဖြစ်တဲ့ ဇာတ်လမ်းသွားမဟုတ်သလို၊ တစ်ကားလုံးမှာ ကင်မရာအသုံးပြုနည်းမျိုးစုံကို သုံးထားတာကြောင့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ အခြေအနေတစ်ခုအပေါ် ဘာကြောင့်ဒီလိုတုံ့ပြန်လဲ ဆိုတဲ့အကြောင်းရင်းကို ကြည့်နေတဲ့သူကို အတွင်းကျကျခံစားမိစေပါတယ်။ ဒါ့အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ အသုံးပြုထားတဲ့ နောက်ခံအသံကလဲ ဒီဇာတ်ဝင်ခန်းကပေးချင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ ခံစားချက်တွေကို ပရိသတ်ခံစားမိအောင် တွန်းပို့ပေးခဲ့ပါတယ်။
2001 ခုနှစ်၊ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အထူးချီးကျူးမှုကိုရရှိခဲ့တဲ့ Mulholland Drive ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း စုစုပေါင်းဝင်ငွေ သန်း ၂၀ ကျော် ပြန်ရခဲ့ပါတယ်။ ဒါတွေကတော့ Mulholland Drive ရဲ့ Wikipedia article က fact တွေ သက်သက်ရယ်ပါ။ ပြောချင်တာကတော့၊ Mulholland Drive ကို ပထမဆုံး ကြည့်မိတဲ့အချိန်မှာ ကင်မရာရိုက်ချက်တွေနဲ့ ပတ်သတ်တဲ့အရာတွေ၊ နောက်ခံအသံတွေ၊ အဲဒီလိုအရာတွေကို ဂရုမစိုက်အားခဲ့ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့် အခုပြောပြမယ့် ကျွန်တော့်အမြင် ဆိုတာကလဲ၊ review ဆိုတာထက်၊ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ပြီး ခံစားရတဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။
ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေထဲ ပထမဆုံးကြည့်မိတဲ့ ဒီကားထဲ မျောနေရင်း ပထမဆုံး ရလိုက်တာက အိပ်မက်မက်နေရတဲ့ ဖီလ်လင်ပါပဲ။ ဇာတ်လမ်းဟာ ကစဉ့်ကလျားနဲ့ အစီအစဉ်မကျဘူး။ ဒါပေမယ့်၊ အဲဒီအပိုင်းအစလေးတွေကပဲ အာရုံကို တခြားမလွှဲနိုင်အောင် ဆွဲဆောင်ထားတယ်။ အဆက်အစပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ခုပေါ်တစ်ခု ထပ်လာတဲ့အချိန်မှာ၊ စိတ်ရှုပ်ထွေးသွားရမယ့်အစား၊ ဘာတွေထပ်မြင်ရမလဲဆိုတဲ့ စူးစမ်းစိတ်ကသာ ပိုလာတယ်။ အဓိပ္ပါယ် ရေရေရာရာ မထင်ရှားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပေမယ့်၊ ကသိကအောက်ဖြစ်မနေပဲ အချိန်တန်ရင် အားလုံးဆက်စပ်မိမှာပါဆိုတဲ့ အာမခံချက်လေးက စိတ်ထဲမှာ အလိုလိုရောက်နှင့်နေတယ်။
တကယ်လည်း ဇာတ်လမ်းဆုံးတဲ့အခါမှာ၊ ဇာတ်လမ်းရှေ့ပိုင်း တစ်ဝက်ကျော်ကျော်လောက် ကြည့်ခဲ့ရတဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတဲ့ ဇာတ်အိမ်ငယ်တွေက အစပ်အဟပ်တည့်သွားတယ်။ ဒါပေမယ့်၊ ထူးခြားချက်က အဲဒီဇာတ်လမ်းအပိုင်းအစလေးတွေရဲ့ အဓိပ္ပါယ်ဟာ ဇာတ်သိမ်းတဲ့အထိ သတ်သတ်မှတ်မှတ်မရှိပဲ၊ ကိုယ်အဓိပါ္ပယ်ဖွင့်ချင်သလို ဖွင့်လိုရနေတာပဲ။ အဲဒါကြောင့်ပဲ၊ ဒီဒါရိုက်တာကြီးက သူ့ဇာတ်ကားရဲ့ အဓိကလိုရင်းက ဘာဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ ငြင်းခဲ့တယ်ဆိုတာ နားလည်သွားရတယ်။
ဒါ့အပြင်၊ Betty Elms နဲ့ Diane Selwyn, Rita နဲ့ Camilla Rhodes တို့တွေ ဘယ်လိုဆက်စပ်မှူရှိနေလဲ၊ ဇာတ်လမ်းအစမှာ ကြားခဲ့ရတဲ့ Betty ရဲ့ စကားလေးတစ်ခွန်းဟာ နောက်ပိုင်း Diane ရဲ့ အမူအကျင့်ကို ဘယ်လိုသက်ရောက်နေလဲ။ ဇာတ်သိမ်းမှာ တွေ့ရတဲ့ Camilla ရဲ့ စရိုက်က Rita နဲ့ Betty တို့ရဲ့ ကနဦးဆက်ဆံရေးကို ဘယ်လိုပုံဖော်ခဲ့သလဲ။ ဒီလိုမေးခွန်းတွေအများကြီး ကိုယ့်ကိုယ်ကို ပြန်မေးနေရင်း၊ ရလာတဲ့အဖြေက တစ်ခုတည်းမဟုတ်သလို၊ ဒီအဖြေတစ်ခုချင်းကလဲ အဓိပ္ပါယ်ရှိနေတာတွေက Mulholland Drive ကို ကြည့်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီကားနဲ့ပတ်သတ်တဲ့ ကိုယ့်အမြင်ကို ထုတ်ပြောမှဖြစ်မယ်ဆိုတဲ့ ပရိသတ်တွေ ချင်ခြင်းတက်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။
အခုဒီလိုတွေ ပြောနေပေမယ့်၊ ဒီကားရဲ့အရသာကို တကယ်နားလည်ဖို့က ကိုယ်တိုင်ကြည့်လိုက်မှ ဖြစ်မှာပါ။ Psychological Thriller တွေကို အရသာတွေ့တဲ့သူတွေ၊ တွေးစရာပေးတဲ့ ဇာတ်ကားမျိုးကို သဘောကျပါတယ်ဆိုတဲ့သူတွေ သာမက၊ ရုပ်ရှင်ကို ဝါသနာပါသူမှန်ရင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ တကယ်ကြည့်ဖြစ်မယ့်သူတွေ အရသာမပျက်အောင် ဒီပို့စ်မှာ spoiler မထည့်ထားပေမယ့်၊ တကယ်လို့ တခြား review တွေဖတ်ပြီးသား၊ ဇာတ်လမ်းသွားသိပြီးသားမို့၊ မကြည့်တော့ဘူးဆိုရင်တော့ နစ်နာမယ်လို့ပဲ ပြောပါရစေ။
#MMDB_Previews#MulhollandDrive#DavidLynch#ASW
(ရုပ်ရှင်အညွှန်းကို M-MDB Page မှကူးယူဖော်ပြပါသည်။)
File size…(17 GB )/(3.9 GB)/ (1.5 GB)
Quality….BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….02:27:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Tartee Poe
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။