Chungking Express (1994)
IMDb Rating (7.9) / Rotten Tomatoes (89%)
ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။
“ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။”
– ဝမ်ကာဝေ
ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။
ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။
ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။
Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။
“California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ”
ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။
အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။
Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။
Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။
“ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ”
“ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။”
“ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား”
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)
File size…(5.7 GB) / (3 GB )/ (1.3 GB)
Quality…BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….01:43:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Arkar Phyo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။