Big (1988)
IMDb (7.3)……Rotten Tomatoes (93%)
၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။
ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ “လူကြီးဖြစ်ချင်တယ်” ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။ ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာ
တော့ ကလေးဘဝကိုပဲ ပြန်နေချင်လာတော့တယ်။
Tom Hanks သရုပ်ဆောင်ကောင်းတာကတော့ အထူးတလည်ပြောနေစရာမလိုဘူး။ အမူအရာ တွေတင်မကဘူး သူ့ရဲ့ အကြည့်တွေ စိတ်ခံစားချက်တွေကပါ Josh ဆိုတာ လူကြီး ခန္ဓာကိုယ်ဖဲရောက်နေတဲ့ ကလေးလေးပဲဆိုတာ ပရိတ်သတ်က အဆုံးထိ ယုံကြည်ထားနိုင်စေခဲ့တယ်။
ဒီပို့စ်မှာ တစ်ကယ်ဆွေးနွေးလိုတာကတော့ Big ရဲ့ ဇာတ်ညွှန်းပဲ။ အထူးသဖြင့် ခုထိ ထွက်နေတဲ့ မြန်မာကားတွေ နဲ့ နှိုင်းယှဉ်ကြည့်ချင်တာ။ မြန်မာဇာတ်ညွှန်းအများစုဟာ ဇာတ်ကောင်တွေရဲ့ စိတ်အခြေအနေတွေ၊ တွေးနေတာတွေကို ဖော်ပြမယ်ဆိုရင် စကားပြောနဲ့ ဒါမှမဟူတ်ရင် အမူအရာ အပိုကြီးတွေနဲ့ ဖော်ပြတတ်ကြတယ်။ Big မှာတော့ ဒီလိုမဟုတ်ဘူး။ ရုပ်ရှင်အစပိုင်း 1st Act မှာအဓိကဇာတ်ကောင် Josh ကလေးဘဝမှာ စိတ်ညစ်ညူးရတာတွေကိုပြထားတယ်။ ဒီလိုပြတဲ့နေရာမှာ Josh အိမ်အလုပ်တွေ ဝိုင်းကူနေရတာတွေ၊ သူ့အခန်းသေးသေးလေးမှာ မွေးခါစ ညီမလေးနဲ့ တူတူနေရတာတွေ၊ သူ့ကြိုက်နေတဲ့ အတန်းကြီး ကောင်မလေးက အတန်းကြီးတဲ့ ကောင်လေးနဲ့ ပဲ တွဲခုတ်နေလို့ အလိူမကျဖြစ်ရတာတွေပြထားတယ်။ Josh ရဲ့ အမူအရာဟာလည်း သူ့ကလေးဘဝမှာ တွေ့နေရတာတွေကို စိတ်အလိုမကျတာထပ် ပိုမသွားဘူး။ Josh ဟာ သူ ကလေးဖြစ်ရတာ စိတ်ကုန်ကြောင်း ပါးစပ်ကနေ ထုတ်ဖော် ငြီးထွားနေတဲ့ အခန်းတွေမပါဘူး။
မြန်မာဇာတ်ညွှန်းမှာဆို ဘယ်လိုဖြစ်သွားမလဲ။ ငါကလေးဖြစ်ရတာ စိတ်ကုန်နေပြီကွာ ဆိုတဲ့ စကားမျိုး Josh ကနေ သူငယ်ချင်းတွေ ခဏခဏထုတ်ပြောမယ်။ အမူအရာတွေ သရုပ်ဆောင်တွေဟာ လိုတာထပ် အများကြီးကို ပိုနေမယ်။ Josh ရဲ့ character ဟာ ကလေးလေးတစ်ယောက် ဖြစ်မနေပဲ လူကြီးတစ်ယောက်လို စိတ်တွေညစ်နေမယ်။
Big မှာ Josh ရဲ့ စိတ်အနေအထားကို တိုက်ရိုက်ကြီး ဖော်ထုတ်မထားတဲ့ အတွက် ကြည့်နေသူအတွက် Josh နေရာမှာ ပိုပြီးခံစားရတာလွယ်လာတယ်။ Josh ခံစားနေသလိူ ငါလညါး ငယ်ငယ်က ခံစားဖူးပါလားဆိုတာမျိုးတွေ ပြန်မှတ်မိလာတယ်။ ဒီက ဇာတ်ညွှန်းတွေလို ဇာတ်ကောင်ရဲ့ ခံစားချက်ကို ပရိတ်သတ်ကို အတင်းကြီး ဇွန်းတပ်ကျွေးဖို့ ကြိုးစားမယ်ဆိုရင် Josh ရဲ့နေရာက ဝင်မခံစားမိပဲ Josh ရဲ့အကြောင်းကို ကြားလူတစ်ယောက် လာပြီး ပြောပြနေသလိုပဲဖြစ်မယ်။ ဇာတ်ကောင်နဲ့ ပရိတ်သတ်ကြားမှာ ဇာတ်ကောင်ရဲ့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေအားလုံးကို လိုက်ရှင်းပြနေတဲ့ narrative ဆိုတဲ့ အတားအဆီးကြီးရှိနေတော့ ပရိတ်သတ်အနေနဲ့ ရုပ်ရှင်မှာ ပါဝင်စီးမျောသွားဖို့ဆိုတာ သိပ်ခက်သွားပြီ။
Big ရဲ့ 2nd နဲ့ 3rd act တွေမှာလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေရှိတယ်။ villain တွေပါလာသလို Josh အလုပ်ဝင်လုပ်မယ့် အရုပ်ကုမ္ပဏီ ပိုင်ရှင်ကြီး MacMillan တို့ပါဝင်လာတယ်။ MacMillan ဆိုတဲ့ဇာတ်ကောင်ဟာ စိတ်ကူးကောင်းကောင်း creativity ကောင်းကောင်းနဲ့ အရုပ်တွေထုပ်ပြီး အောင်မြင်လာတဲ့ သူဌေးကြီး။ သူက Josh ရဲ့ ကလေးဆန်တာ၊ လူကြီးဆန်ဆန် အလုပ်တွေကို နားမလည်တာ၊ စိတ်ထဲရှိရာ အကုန်ပြောတတ်တဲ့ သဘာဝကို သဘောကျလို့ ချက်ချင်း Josh ကို ရာထူးတွေတိုးပေးလိုက်သူကြီး။ ဒါတွေကို ကြည့်ရင် သူဌေးကြီးက စည်းမျဉ်းတွေ သိပ်ဂရုမစိုက်တတ်တဲ့ ပညာရှိတဲ့ သဘောကောင်းတဲ့ လူကြီးဆိုတဲ့ character ပေါ်လာတယ်။ သူ့ဇာတ်ကောင် ဝတ်စားထားတာတွေကအစ character ကို ပိုပေါ်အောင် အထောင်ကူပြုတယ်။ ဘီလျံနာသူဌေးကြီးသာပြောတယ် အမြဲတမ်း အဝတ်အစားတွေက ဖရိုဖရဲနဲ့။ မြန်မာကားမှာဆို သန်းကြွယ်သူဌေးတွေကို ဘယ်လိုပုံဖော်မလဲ။ ဘယ်ကားကြည့်ကြည့် သူဌေးဆိုတာနဲ့ ဇာတ်ကောင်က တစ်ပုံစံထဲပဲ။ ကုဒ်တွေဝတ်ထားမယ်၊ စကားကို ကြီးကြီးကျယ်ကျယ် ခန့်ခန့်ညားညားပြောမယ်၊ ကားအကောင်းစားကြီးစီးမယ်၊ အိမ်အကြီးကြီးမှာနေမယ်၊ အနားမှာ အမြဲတမ်း တပည့် လေးယောက်ရှိနေမယ်။ မြန်မာ ဇာတ်ကောင်တွေဟာ အရမ်းယေဘုယျဆန်လွန်းတယ်။ အတိမ်အနက်လုံးဝ မရှိဘူး။
နောက်တစ်ခုက Big မှာ တစ်ကားလုံး သွားတဲ့ ဇာတ်လမ်းရဲ့ depth နဲ့ theme။ ဒီကားကို Comedy Drama လေးအဖြစ်နဲ့ သရုပ်ဖော်ထားတယ်။ ရုပ်ရှင်တောက်လျှောက်မှာ ဇာတ်ဝင်ခန်းတိုင်းက ဒီကားရဲ့ theme နဲ့ depth ကို သစ္စာမဖောက်ဘူး။ build up တွေ climax တွေမှာတောင် လေးလေးနက်နက်ကြီး ဖြစ်မသွားဘူး။ ဟာသ တွေကလည်း ရုပ်ရှင်ကို အရမ်းပေါချာ မသွားစေပဲ ကြည့်လို့ကောင်းအောင် ရယ်ရအောင် ကြည့်တဲ့ သူပျော်နေအောင် ဖြစ်စေတယ်။ Big တစ်ကားလုံးဟာ ပေါ့ပါးသွက်လက်နေပြီး ဒီကားစာ အနုပညာအရ အလွန်တန်ဖိုးရှိကြောင်း၊ အလွန်နက်ရှိုင်းကြောင်း ဟန်ဆောင်ပြနေတာတွေ မပါဘူး။ ဇာတ်လမ်းရှိသလောက်ကို အကောင်းဆုံး တင်ဆက်သွားတယ်။
မြန်မာကားတွေမှာဆို ဒီလို consistency ရှိတဲ့ ကားမျိုးကရှားတယ်။ အမြဲတမ်းပရိတ်သတ်ဘာလိုချင်လည်း၊ ဘယ်မင်းသားကိူ ဘာလုပ်ခိုင်းရင် ပိုအမြတ်ရမလဲပဲ ကြည့်နေကြတယ်။ comedy ဆိုပြီး တစ်ကားလုံး ပေါချာနေအောင် လုပ်လာပြီးတော့ drama ကြီးတွေ ချိုးပစ်ပြီး ဇာတ်ကောင်တွေမှာ မျက်ရည်စို့ပြီးငိူနေရအောင်လည်း လုပ်တာပဲ။ Action လူမိူက်ကားဆိူပြီးတော့ လူမိုက်သုံးယောက် စကားပြောရင် ပေါတောတောတွေပြောပြီး သံယောင်လိူက် အပေါစား ဟာသတွေလည်း ထည့်ပစ်တာပဲ။ Drama ကားတွေမှာလည်း ကုမ္ပဏီပိုင်ရှင် ဇာတ်ကောင်နေက သရုပ်ဆောင်တဲ့ စူပါမင်းသားတွေက သိုင်းကွက်တွေထုတ် ကျွမ်းတွေပြစ်ပြီး လူကြမ်း လေးငါးယောက်လောက်ကို ချရင်လည်း ချတာပဲ။ တစ်ကားလုံး စုတ်ပြတ်သတ်နေအောင်ပေါလာ၊ ဇာတ်ညွှန်းမရှိ ဇာတ်လမ်းမရှိ လုပ်ချင်ရာတွေလုပ်ပြ ပြီးခါနီးမှ အမျိုးဘာသာ သာသနာတွေ၊ နိုင်ငံတော်တွေကို အရမ်းချစ်ပြတဲ့ စကားလုံးတွေ ဘာမှမဆိုင်ဘဲ ပစ်ထဲ့ပြီး အကယ်ဒမီတွေလည်း ယူလို့ယူတာပဲ။
ကျနော်ထင်တာတော့ မြန်မာ ရုပ်ရှင်တွေနဲ့ Hollywood က အောင်မြင်နေတဲ့ ရုပ်ရှင်တွေ အဓိက ကွာခြားချက်ကတော့ အဲ့တာပဲ။ ပိုက်ဆံတွေအများကြီးသုံး၊ စတူဒီယို အကောင်းစားတွေ ကင်မရာတွေ စပယ်ရှင်အဖက်တွေ ရလာရင်တောင် ဇာတ်ညွှန်းအသွားအလာပုံစံက ပြောင်းလဲမှုမရှိရင် မြန်မာကားတွေဟာ ပေါကားတွေ ဖြစ်နေဦးမယ် ထင်တယ်။
~ Admin Andy ~
(ရုပ်ရှင်အညွှန်းကို Datshin Facebook Page မှ ကူးယူဖော်ပြပါသည်။)
File size…(999 MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:10:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by OWL
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။